ကျေးငှက်သံသာ၊
မျောက်အော်သံနဲ့ စိမ့်စမ်းဆည်းသံ၊ ရေတံခွန်အလှ၊ ပန်းမာန်စုံလျှက်၊ သာယာမှုအပေါင်း စဉ်ခငြောင်းတဲ့
ချစ်စရာချင်းမြေဆီကျမ လွမ်းဆွတ်မိပြန်တော့ ငယ်စဉ်ခါက ရောက်ခဲ့ရသည့် မတူပီမြို့၊ရဲ့ရွာလေးကို
ပြန်လည်တသရင်း . . .
လွမ်းစရာ့ ချင်းတောင်တန်း . . . |
ခက်ခဲကြမ်းတမ်းတဲ့တောင်တောင်၊ချောက်ကမ်းပါးတွေ
အဆင့်ဆင့်ကျော်ဖြတ်ရင်း မြေပြန့်ဆိုတာရှာမရအောင်၊တောင်တန်းတွေနဲ့ဝိုင်းရံထားတဲ့ မတူပီမြို့လေးကို
ရောက်ခဲ့တော့ မြေပြန်သူ ကျမအတွက် အရာရာဟာထူးဆန်းနေပါတယ်။ အဖေ့ရဲ့အစ်ကိုကြီး ၊ ကျမဦးကြီးတော်သူက
မတူပီမြို့ပေါ်မှာနေတဲ့အတွက် ကျမတို့တစ်ညနား ရင်း၊မတွေ့ဖြစ်တာကြာတဲ့ ညီအစ်ကိုတွေ တစ်ညလုံးရှေ့ဖြစ်နောက်ကြောင်းတွေကို
ချင်းဘာသာနဲ့အားရပါးရပြောနေကြတော့ ခလေးပီပီ ခရီးပန်းတဲ့ဒဏ်ကြောင့် ဘာမှမစားနိုင်ဘဲ
အိပ်ပျော်သွားပါတော့တယ်…
မနက်လင်း
တော့မနက်စာအဆာပြေ ကိုရွှေဖရုံသီးပြုတ်နဲ့၊ပိန်းဥ ပြုတ်တွေလာချကျွေးတော့၊ကျမ မစားချင်လို့ငိုခဲ့တာအခုပြန်စဉ်းစားတော့ရယ်မိသေးတယ်။အဖေ
ကတော့သူ့သမီးကိုအလိုလိုက်ထားတာရယ်၊သူတို့လူမျိုးရိုးရာအရ ကြီးတဲ့သူကိုရိုသေရတာဆိုတော့ကျမကိုပဲ
ချော့ပြီးစားခိုင်းပါတယ်။ကျမတို့ဆီမှာ အဲတာတွေက ဟင်းချက်စားတာတွေလေ၊ဒါပေမယ့် ဦးကြီးရဲ့မျက်နှာ
ခပ်တည်တည်ကြီးကိုကြောက်လို့မစားချင်စားချင်နဲ့စားလိုက်တာ အရသာက တော်တော်ကောင်းမှန်းသိခဲ့ရတယ်။
လတ်လတ်ဆတ်ဆတ်ပြုတ်ထားတာဆိုတော့ ဆိမ့်ပြီးချိုနေပါတယ်။စားကောင်းမှန်းသိတော့ အဖေကကျမ
ကိုစတယ်၊ဒါမှ ချင်းသမီးတဲ့လေ။အမျိုးတွေနဲ့တွေ့ပေမယ့်လည်း သူ့စကားကိုယ်မသိ၊ ကိုယ့်စကားသူနားမလည်နဲ့ဘာမှကိုမပြောဖြစ်ခဲ့ရပါဘူး။
ရွာကို
ပြန်ချင်စိတ်စောနေတဲ့ ဖခင်ဖြစ်သူကြောင့် ခရီးဆက်ရပြန်ပါသေးတယ်။ကျမကိုယ်တော့ချော့ပြီးသိပ်မကြာခင်ရောက်မှာပါလို့ပြောပါတယ်။ဒါနဲ့ခရီးဆက်ကြရင်း
လမ်းမှာစားဖို့ရိက္ခါအပြည့်အစုံထုပ်ပိုးပြီး “ပမိုင်း” ဆိုတဲ့ဖခင်ရဲ့ရွာကလေးကိုခရီးနှင်ပါတော့တယ်။
မနက်ဝေလီဝေလင်း ကနေကိုယ့်ခြေထောက်ကိုယ်အားကိုးပြီး လျှောက်ရင်းနားရင်းခရီးဆက်လိုက်တာ၊မွန်းတည့်ချိန်ပူပြင်းနေပေမယ့်၊တောတောင်တွေပတ်လည်ဝိုင်းနေတော့
အေးစိမ့်ပြီး၊ခြေညောင်းတာကလွဲရင်သိပ်မပန်း ခဲ့ပါဘူး။ရှိသမျှ အထုပ်ပိုးတွေထမ်းပိုးရင်း
ခရီးးဆက်နေတဲ့ ဖခင်ထက်စာရင် ဘာမှမသယ်ရတဲ့ကျမကမညည်းခဲ့ပါဘူး။ ဖခင်ကတော့ သနားတာရယ်၊ ပင်ပန်းနေမှန်းသိနေတော့
ကျမကိုမြှောက်မြှောက်ပြောရင်းလျှောက်ခဲ့တာ၊တဖြည်းဖြည်းနဲ့မှောင်ရီပြိုးခဲ့ပါတယ်။တစ်နေကုန်လျှောက်ခဲ့ ၇တော့လည်း
ကျမဆက်ဟန်မဆောင်နိုင်တော့ပါဘူး။ တောကြီး မျက်မည်းထဲမှာ မျောက်အော်သံ၊ငှက်တွန်သံ၊သားရဲတွေရဲ့အော်သံကြားတော့
ကျောထဲစိမ့်လာရင်းအဖေ့ ရွာကမရောက်နိုင်တော့ဘူးလားလို့ ငိုသံပါပါနဲ့မေးတော့ တောင်ပေါ်ဆိုရင်
အဖေတို့အမျိုးရှိတဲ့ရွာရောက်ပြီလို့ဆိုပါတယ်၊ဒါနဲ့ပဲအားတင်းပြီး သွားလိုက်တာ ဖခင် လုပ်သူကတော့တောင်ပေါ်သားပီပီ
တောကျွမ်းတော့ဝါးတုတ်ကို မီးရို့ပြီးတစ်လမ်းလုံးလင်းအောင်စီစဉ်လိုက်ပါတယ်။မီးအလင်း
ရောင်ကြောင့်ဝါးတဲလေးတွေမြင်ရပါတယ်။ဝမ်းသာအားရနဲ့ အဖေ ရွာရောက်ပြီလို့အားရပါးရအော်တော့
အဖေက ရီနေပါတယ်။သမီး ရဲ့အဲဒါကရွာမဟုတ်ဘူး၊ရွာကစပါးတွေကို ကိုယ်စီထည့်ထားတဲ့ စပါးကျီတွေလို့ပြောတော့
ကျမက မြေပြန့်သူပီပီ “သူခိုးတွေခိုးမှာပေါ့”လို့ မေးတော့၊ဒီမှာက သူခိုးမရှိဘူးလို့ပြောပါတယ်။
သြော်…ချစ်စရာဓလေ့စရိုက်တွေပါပဲ…ကျမတို့ဆီမှာဆို နည်းတောင်နည်းသေးတယ်လို့ဆိုမှာပေါ့လို့အဖေ့ကိုပြောတော့၊
သမီးရယ်အဖေ တို့ချင်းပြည်မှာက ဘာပစ္စည်းမဆို ဒီမှာထားရင်ဒီမှာပဲဘယ်နှစ်ရက်ကြာကြာရှိတယ်လို့ပြောပါတယ်။ဒါလေးတွေဟာ
ဘာမှမဟုတ်ပေမယ့်အတုယူစရာ ဓလေ့လေးတွေလို့ကျမတော့ ထင်မိပါတယ်။ စပါးကျီကနေ ရွာရောက်ဖို့
ငါးနာရီလျှောက်ရပါတယ်။လူလည်းအင်မတန်ပင်ပန်း နေတော့အမျိုးရွာလည်းရောက်ရော ညဆယ်နာရီကျော်ပြီမို့
အသီးသီးအိပ်မောကျနေကြပါပြီ၊ ဖခင်ရဲ့ညီဝမ်းကွဲတွေရှိတဲ့အိမ်ကို ရောက်တော့ အားလုံးနိုးလာကြပြီးဝမ်းသာအားရနဲ့
ထမင်း ထချက်ကြပါတော့တယ်။မွေးထားတဲ့ကြက်တွေ သတ်ပြီးအချိန်မတော် ချက်ကြပါတော့တယ်။ စားချင်စိတ်ထက်၊
အိပ်ချင်စိတ်ကြောင့် အိပ်ပရစေဆိုပေမယ့် အမျိုးတွေလာ၊လာကြည့်တော့ တော်တော်နဲ့ မအိပ်ခဲ့ရပါဘူး။
အငိုသန်တဲ့ကျမကိုဖခင် ကသိနေတော့ ခဏ၊ခဏချော့နေရပါတယ်။ထမင်းမစားရင်မအိပ်ရဘူး၊အဲဒါ အဖေ့တို့ရိုးရာဆိုလို့
မနက်မှစားလည်းရိုးရားပဲဟာလို့ပြောတော့၊ ရောက်ရောက်ချုင်းကျွေးရတယ်တဲ့လေ။ ကျမကလည်း ခလေးအရွယ်ဆိုတော့
အအိပ်ကမက်တာရယ်၊တစ်ခါမှ လူဖြစ်ပြီးတည်းကအခုမှပင်ပန်းခံရဖူးတာဆိုတော့ အဖေ့ကို တစ်ချိန်လုံး
မျက်စောင်းထိုးနေတော့တာပေါ့၊ မွေးကတည်းက အမေမျက်စိနောက်အောင်အချစ် ပိုနေတဲ့ဖခင် ကကျမပင်ပန်းနေတာကြည့်ပြီး
သနားနေပါတယ်။ ကျမလည်းဘာပဲဖြစ်ဖြစ်မြန်မြန်စားပြီးမှ ငါတော့အိပ်ရတော့မယ်ဆိုပြီးထမင်းအကျက်ကိုထိုင်စောင့်နေပါတော့တယ်။
မကြာခင်
ချက်ပြုတ်ပြီးပြီမို့ စားပွဲဝင်ထိုင်တော့ ၊ကြက်သားကို ထမင်းတွေနဲ့ပြုတ်ထားတာ မြင်ရပါတယ်။
ကျမအတွက် အားလုံးအထူးအဆန်းတွေပဲမို့ အိပ်ချင်မူးတူးဖြစ်နေတဲ့အတွက် ဖခင်ကိုမေးခွန်းမထုတ်သေးဘဲ၊
အိပ်ရဖို့အရေး မြန်မြန်စားလိုက်ပါတော့တယ်။ ကျမတွေ့တဲ့အရောင်အဆင်းကင်းတဲ့ကြက်ပြုတ်ဟင်းဟာ
အခုအချိန်မှာကျမအတွက် မေ့မရတဲ့ စွဲမက်စရာဟင်းတစ်မယ် ဖြစ်ခဲ့ရပါတယ်။ ဒါနဲ့စားသောက်နေတုန်းလူတစ်ယောက်ရောက်လာပြီး
ထမင်းစားဖို့လာခေါ်ပါတယ်။ ကျမက ဘာမှမသိတော့တ၀စားထားလိုက်တယ်လေ၊ အဖေကပြောတယ်သမီးအဲဒါ
အဖေ့ယောက်ဖပဲ ထမင်းသွားစားရအောင်ဆိုတော့ အဖေသမီးအခုပဲစားပြီးတးယ်လေလို့ပြောတော့ အဲဒါရိုးရာမို့သွားစားရမယ်
လို့ပြောပါတယ်။ စကားများတဲ့ကျမ်ါရဲ့ထုံးစံအတိုင်း၊ အဖေရယ်မနက်လည်း သမီးတို့နားအုံးမှာပဲဟာဆိုတော့
ရောက်ရောက်ချင်းစားရတယ်တဲ့၊၊ ကဲ.ချစ်စရာ့ရိုးရာဆိုပေမယ့် အိပ်ချင်စိတ်ပြင်းပြနေတဲ့ကျမ
အတွက်ဒေါသဖြစ်စရာဖြစ်ခဲ့ရပါတယ်။ အဖေကျေနပ်အောင်လိုက်စားပြီးတော့ သူတို့စကားနဲ့ “မားဖိုဟိုး”ဆိုပြီးပြောပါတယ်။“အိမ်မက်လှလှ
မက်ပါစေ” လို့အချင်းချင်းနူတ်ဆက်တာလို့ပြောပါတယ်။ကျမတို့မြေပြန့်မှာတော့အိမ်မက်လှလှမက်မက်
၊ မမက်မက် ဂရုမစိုက်ကြပါဘူး။ နိုင်ငံခြားမှာတော့ ‘Good night, Sweet dreams’ တို့တော့ကြားဖူးပါတယ်။
တကယ်တော့လည်း ချစ်စရာအကျင့်လေးပါပဲ။ အဲဒီညကို ထမင်းစားလိုက်စကားပြောလိုက်နဲ့ ဘယ်အချိန်အိပ်ပျော်သွားမှန်းတောင်
မသိလိုက်ရပါဘူး။ ကျမအတွက် အရင်ဆုံးရောက်ဖူးတဲ့ အမျိုးရွာကတော့ ဟိုးတစ်ချိန်က လွတ်လပ်ရေးအတွက်
တိုက်ပွဲဝင်ခဲ့တဲ့ “အောင်ဆန်းသူရိယ ဗိုလ်တိုက်ချွန်း” ရဲ့မွေးရပ်မြေ လွီဗန်းရွာလေးပဲ ဖြစ်ပါတယ်။ ရွာအပြင်မှာ
ကျောက်တိုင်တွေ တွေ့တော့အလေးပြုနေတဲ့ အဖေရဲ့ရှုင်းပြချက် ကြောင့်သိခဲ့ရလို့ ကျမတို့လူမျိုးတွေကိုယ်စား
ကျေနပ်ဂုဏ်ယူမိပါတယ်။
ကျမရေးခဲ့တဲ့အကြောင်းလေးတွေဟာ
တစ်ချိန်က အလည်သွားဖြစ်ခဲ့တဲ့ ချစ်သောချင်းမြေရဲ့ကြုံရတဲ့ အတွေ့အကြုံလေးတွေတစ်ချို့ပါ။
ဆက်ပြီး ကျမတို့ရဲ့အမျိုးတွေ ရှိတဲ့ ဖခင်ရဲ့ဇာတိချက်ကြွေမွေးရပ်မြေဖြစ်တဲ့ “ပမိုင်းရွာ”လေးနဲ့ မကြာခင်နီးလာပြီးမို့
ဒီနားမှာခဏနားရင်းအမောဖြေပါရစေ . . .
1 comment:
ဗဟုသုတ ရပါတယ်
Post a Comment