Friday, May 10, 2013


 ချစ်သောဖေဖေ
ကျမ ၏ဖခင်မှာ အစိုးရ၀န်ထမ်းတစ်ဦးဖြစ်ပြီး၊ ချင်းတိုင်းရင်းသား၊တောင်ပေါ်သားတစ်ဦးဖြစ်သည်။ကျမ၊ အဖေ ၏အကြောင်းကို စဉ်းစားမိလိုက်တိုင်း၊ မိသားစု အပေါ်တွင်သာမက လုပ်ဖော်ကိုင်ဖက် များအပေါ် ပတ်ဝန်းကျင်အပေါ် ၊ (ကျမ တို့ခရစ်ယာန် ကျမ်းစာ ထဲကအတိုင်း “ကိုယ်နှင့်သက်ဆိုင်သောသူကို ကိုယ်နှင့်အမျှ ချစ်လော့)” ဆိုသည့်အတိုင်း မိမိနှင့် သက်ဆိုင်သည့်မည်သူအပေါ်တွင်မဆို ကူညီတတ်သည့် နူးညံ့သောနှလုံးသားပိုင်ရှင်တစ်ဦး ပင်ဖြစ်ပါသည်။
 ချင်းတိုင်းရင်းသားတစ်ယောက်ဖြစ်သောကြောင့် မြေပြန့်မှာ နှစ်ပေါင်းများစွာ နေထိုင်ခဲ့ပေမယ့် လည်း စကားသံတို့မှာ ၀ဲနေဆဲပင်၊၊မိခင်အပေါ်တွင် လည်းနှမလေးတစ်ယောက် ၊ ဖခင် တစ်ယောက်လို ထိန်းသိမ်း ကွပ်ကဲ အနိုင်မယူ တတ်သော လင်သားကောင်းတစ်ယောက်ဖြစ်သည်။ကျုမ တို့မောင်နှမ တစ်ဦး ဦးဖျားနာပါက မိခင်ကို အိပ်စေလျက် သူသာ ပုခက်ပေါ်တွင်လည်းကောင်း၊ပုခုံးပေါ်တွင်လည်းကောင်း ထမ်းကာ မိုးလင်းသည် အထိ အပင်ပန်းခံ ပြီးကြည့်ရူပေးတတ်သည်။
မိုးချုပ်ပါက ကျမ တို့အိမ်ထောင်တွင် မိသားစု လိုက် ဘုရားရှိခိုးနေကျ၊ ၀န်ထမ်းတစ်ဦးဖြစ်သည့်အတွက်၊ရွှေတွေ၊ငွေတွေပေးစရာမရှိ သည့်အတွက်ပညာအမွေသာပေးနိုင်သည့်အတွက် စာကြိုးစားကြရန် အမြဲဆုံးမလေ့ရှိသော ကျမ၏အဖေ။လစာထုတ် ရက်တိုင်း ခေါက်ဆွဲကြော် ထုပ်လေးဆွဲ ကာမိခင်နှင့်ကျမတို့ မောင်နှမများ စားရန်ဝယ်လာပေးနေကျ၊ လမ်းခရီး တစ်လျှောက် တောင်းရမ်းစားသောက်နေသောလူမမယ်လေးများကို တွေ့တိုင်းငါ့သားသမီးတွေသာဆိုရင်၊ဟုတွေးပြီး စာနာစိတ်နဲ့အမြဲ လှူဒါန်းနေသောသူ၊ ပြောသည့်စကားတိုင်းတွင်လည်းနိုင်ငံနဲ့လူမျိုးကိုချစ်တတ်ရန်၊တိုင်းပြည်အတွက် ဆိုသည့် စကားများကိုသာ အမြဲပြောတတ်သောဖခင်၊သူ၏ စိတ်ထဲတွင်လည်းချင်းလူမျိုးဖြစ်ရသည်ကိုဂုဏ်ယူကျေနပ်နေသည်ကို ပြောစကားများအရ ကျမသိရသည်။
“သမီး ရဲ့ အဖေ တို့ အမျိုးက မင်းမျိုးမင်းနွယ် ”ဟု အမြဲကြွေးကြော်တတ်သော၊ကျမ ကို လည်းအမျိုးကိုစောင့်ထိန်းစေလိုကြောင်းမကြာခဏ ပြောပြတတ်ပါသည်။တိုင်းရင်းသားပီပီ ဂီတကိုမြတ်နိုးတတ်သောကြောင့် ရုံးဆင်းချိုန် တိုင်း ဂီတာကိုင် ကာ စိုင်းထီးဆိုင်သီချင်းကိုဆိုနေကျ ဖြစ်သောကြောင့်ကျမတို့မောင်နှမတစ်အုပ်မှာ ထီးဆိုင်သီချင်းများကို ငယ်ငယ်ကပင်အလွတ်ရ နေကြသည်။ အဖေ အမြဲဆိုနေုသည့် “တောင်ပေါ်မြေက ရှမ်းလေးတစ်ယောက်”သီချင်းမှာ တောင်ပေါ်သားတစ်ယောက်ဖြစ်သောကြောင့် တော်တော်ပင်ကြိုက်ရှာသည်မို့ ဂီတာတီးတိုင်းပါနေကြ သီချင်းပေ၊ ကိုယ်တိုင် ကဗျာများစပ်တတ်ပြီး၊တစ်ခါတစ်ရံ ဘုရားသီချင်းများစပ်ကာ ဘုရားကျောင်းတွင်သွားရောက်သီဆိုတတ်သည်။
ကျမတို့ မောင်နှမအားလုံး ဂီတ ကိုဝါသနာပါကြသည်မှာ ဖခင်နှင့် တူသောကြောင့်ဖြစ်မည်။မိခင် မှာယနေ့အထိ သီချင်းကိုအသံထွက်အောင်မဆို၊အင်မတန် ရှက်တတ်သောသူပင်၊ မောင်နှမများတစ်ခါတစ်ရံ စိတ်ဆိုးကြသည့်အခါတိုင်း မိခင်က အော်ငေါက်သည့်အခါ၊“မိန်းမရယ်၊ ခလေးဆိုတာ၊ဘုရားပေးထားတဲ့ ဆုလဘ်” တွေကွ၊ မဆူပါနဲ့လို့ အမေ့ကို အမြဲပြောတတ်သည့်ကျမ၏ ဖခင်၊ တာဝန်ထမ်းဆောင်ခဲ့သည့် ဒေသများသို့ အဖေ မပါပဲ၊အရွယ်ရောက်လာသည့်အခါ ကျမသွားရောက်ခဲ့ဖူးချိန်မှာလည်း ဆရာ၏ သမီးဆိုပြီး ၀မ်းသာအားရ ပြုစုကြပုံ၊ဖခင်၏ ကျေးဇူးများကို ထုတ်ဖော်ပြောဆိုနေသံများကြားရသည့်ကျမ  အတွက် အဖေ ၏သမီးဖြစ်ရသည်ကို ကျေနပ်၊ဂုဏ်ယူမဆုံးဖြစ်ရသည်။
လူတိုင်းနှင့်ပေါင်းသင်းဆက်ဆံသည့်အခါ မေတ္တာဖြစ်သာဆက်ဆံရန်၊လူ့အောက်ကျို့တာမသေပါဘူးသမီးရယ်၊ အရာရာကို နှိမ့်ချခြင်းရှိပါဟု အမြဲဆုံးမတတ်သောကျမအဖေ၏စကားကိုယနေ့အရွယ်ရောက်လာသည့်အချိန်ဝယ်နားလည်သဘောပေါက်တတ်ခဲ့သည်။ချစ်ခြင်းတရားကိုမျိုးစေ့ချပေးခဲ့သော၊ကြင်နာမူ့
၊ကိုယ်ချင်းစာတရားတို့ဖြင့်သာအရာရာလုပ်ဆောင်တတ်သောကျမ ၏ အနိုင်းမဲ့မေတ္တာရှင် ဖခင်၏ ဆုံးမသွန်သင်မူ့၊လမ်းအတိုင်း  ကျမတို့မောင်နှမ တွေ အားလုံးလိုက်လျှောက် ကျင့်သုံးတတ်ခဲ့ပြီမို့ ကျေှးဇူးဂါရ၀ပြုရင်း၊ နာမည်ကျော်တစ်ဦး မဟုတ်ပေမယ့်၊ ချမ်းသာသူတစ်ဦးမဟုတ်ပေမယ့်၊ အသက်ရှင်သန်ရပ်တည်နိုင်မယ့်စိတ်ဓါတ်တွေ ပေးခဲ့သောကျမ ၏ ဖခင်ကို အရာအားလုံးထက်တန်ဖိုးထားရင်း သမီး ဂုဏ်ယူဝမ်းမြောက်မိပါတယ် ချစ်သော ဖေဖေ။

Monday, May 6, 2013


          ခံစားမိသမျှ…My birthday(May-6)
    
  ဒီနေ့ဟာ ကိုယ့်ရဲ့ မွေးနေ့ ၊ လူ့လောကထဲကို ရောက်လာတာ နှစ်ပေါင်းသုံးဆယ်တောင်ရှိခဲ့ပြီပဲ၊  ကိုယ့်အနားမှာ အဖော်ဆိုတာမရှိတော့ ၊ အထီးကျန်စွာနဲ့ပဲ ဖြတ်ကျော်ရအုံးမယ်လေ…ဒါပါပဲလေ
   လူ့ဘ၀ဆိုတာ စလာတည်းကတစ်ယောက်ထဲပဲ ဆိုတဲ့ အသိနဲ့ ၀မ်းနည်းစရာအတွေးတွေကို ကြိုးစားမေ့ပစ်ရင်း ကိုယ်လေ …မွေးနေ့ကို ရင်ထဲကပဲ ကျင်းပလိုက်ပါတယ်။

  အရာရာကို ခွင့်လွှတ်ရင်း၊သီးခံရင်းနဲ့ နှလုံးသားထဲက စကားများစွာကို ကိုယ် ယုံကြည်ကိုးကွယ်ရာ ဘုရားသခင်ဆီကို တိုင်တည် ဆုတောင်းရင်း၊ ခက်ခဲ မူ့၊ပင်ပန်းမူ့တွေနဲ့ ကိုယ့် ဘ၀လေးကို ပြန်တွေးမိတော့လည်း ကိုယ့်ရဲ့ ပေးဆပ်ခဲ့ရသမျှ တွေဟာ အလကားတော့ မဖြစ်ခဲ့ဘူးဆိုတာသေချာ နေပြီလေ။ ပျှော်ရွှင်မူ့၊လွတ်လပ်မူ့တွေကိုမြတ်နိုးတန်ဖိုးထားလွန်းတဲ့ ကိုယ့် အတွက် တစ်စုံတစ်ရာကြောင့် ဆုံးရူံးသွား ခဲ့တော့လည်း ကိုယ်ရွေးချယ်မိတဲ့၊ ကိုယ်ကျေနပ်ခဲ့တဲ့ အရာဆိုတော့လည်း   ကိုယ့်အပြစ်နဲ့ကိုယ်မို့ မငြည်းငြူရက်ခဲ့ဘူးလေ။

 ဖြတ်သန်းလာတဲ့ နှစ်တွေမှာ ကိုယ်ရခဲ့တဲ့ ပျော်ရွှင်မူ့၊ နာကျင်မူ့တွေ အားလုံးဟာ ကိုယ်စိုက်ခဲ့တဲ့ အတိုင်းရိတ်ခဲ့ရတာတွေပဲမို့မကျေနပ်ချင်လည်းကျေနပ်ရတော့မှာပါလေ။ဘာပဲဖြစ်ဖြစ်မွေးနေ့ရောက်တိုင်းမှာ စိတ်သစ်လူသစ်နဲ့ နေတော့မယ်ဆိုပြီး အကြိမ်ကြိမ် ဆန္ဒပြုခဲ့တာလည်းမနည်းခဲ့ပါဘူး၊လူသားပီပီ ရုန်းမထွက်နိုင်တဲ့ သံယောဇဉ် တွေကြောင့် အတိတ်ဆီမှာပဲတစ်ဝဲလည်လည်နဲ့ လမ်းဟောင်းအတိုင်း လျှောက်လှမ်းမိပြန်တယ်။

တကယ်တော့လည်း သီးခံတယ်ဆိုတာ အရူံးပေးခြင်းတစ်မျိုးလို့ အောင်နိုင်သူတွေက ဆိုချင်ဆိုလိမ့်မယ်၊ ကိုယ့် အတွက်ကတော့ အမြတ်ပါပဲလေ။ လူတိုင်းလုပ်နိုင်တဲ့အရာမှမဟုတ်တာဆိုတော့လည်း နာကျင်မူ့ကြားက နှစ်သိမ့်တဲ့ အတွေးလေးတော့ ကိုယ့်အတွက်ဖြစ်မယ်ထင်ရဲ့။အခုတော့လည်း နေသားကျခဲ့ပြီလား၊ရင့်ကျက် လာခဲ့တာလားခံနိုင်ရည်ရှိသွားတာလား မသိပေမယ့် အရာရာကို ဖြေတွေးတတ်ခဲ့ပြီလေ။ 

လူသားပီပီကြင်နာယုယမူ့လေးတွေကိုတော့တစ်ခါတစ်လေတမ်းတမိသေးတယ်လေ၊သြော်…ကိုယ့်အတွက်တော့ ဒါတွေဟာစကားလုံးတွေပါလားဆိုတဲ့အသိနဲ့ဘုရားအလိုတော်အတိုင်းကိုယ့်နေ့ရက်တွေကိုရင်ဆိုင်ကြိုးစားရင်း ဖြတ်သန်းလာခဲ့တာ  အခုဆိုနှစ်သုံးဆယ်တောင်ရှိသွားပြီပေါ့၊၊
မေတ္တာတရားဆိုတာ ၊အပြန်အလှန်ရှိမှ သာယာနိုင်မယ်ဆိုကြပေမယ့်၊ ကိုယ့်အတွက်တော့ အပြန်ဆိုတာ မရှိခဲ့ပါဘူး။

လူသားတွေ အတွက်အနိုင်းမဲ့ မေတ္တာရှင်မာတာမိခင်၊မွေးမေမေဆိုတာ ကိုယ့်မွေးနေ့ ကိုမေ့လျော့ပြီး ကောင်းချီးတွေပေးဖို့အစား၊ကိုယ့်ကိုတစ်စိမ်းလိုအငြိုးတွေထားလို့၊စဉ်းစားမိတိုင်းရင်နဲ့မဆန့်တဲ့ခံစားချက်တွေနဲ့ ကိုယ်လေ မွေးမေမေ ကိုကျန်းမာပါစေလို့ ဆုတောင်းပေးပါတယ်။ကိုယ့်ရဲ့ မျက်ရည်တွေကို မွေးမေမေ မသိပေမယ့်၊ ကိုယ့် ရဲ့ နောက်ဆုံး မျှော်လင့်ရာ၊ ဘုရားသခင်တစ်ပါးသာ နားလည်ခံစားပေးနိုင်မယ်ဆိုတဲ့ စိတ်နဲ့ ကိုယ်အရာရာကို နှစ်သိမ့်နေခဲ့ပါတယ်။

ချစ်သူတွေ၊ကိုယ့်အနားမှာမရှိပေမယ့်ကိုယ့်မွေးနေ့ကိုစာမျက်နှာပေါ်မှာအမှတ်တရဖြစ်ထားခဲ့ချင်ပါတယ်။ရှင်ခြင်းနဲ့ သေခြင်းကြားမှာမတည်မြဲခြင်းဆိုတာတွေပဲမို့၊ကိုယ့်စိတ်ကိုထိန်းချုပ်ရင်းအသက်တစ်နှစ်ကြီးလာတော့လည်း ပိုပြီးရင့်ကျက်တည်ငြိမ်လာဖို့၊ အရာရာကိုရင်ဆိုင်နိုင်ဖို့လာမယ့်မွေးနေ့ကိုလည်းဘယ်သူမှမသိရင်တောင်၊ ဆင်ခြင်တဲ့စိတ်လေး နဲ့ပဲ ကျေနပ်နိုင်အောင်ကြိုးစားကျော်ဖြတ်နိုင်ဖို့ကိုယ်  အားသစ်တွေမွေးတော့မယ်။

Friday, May 3, 2013

သာယာဝေစည် ချင်းဌာဏီ ( ၂ )

သာယာဝေစည်ချင်းဌာဏီ.(2)
တစ်ညတာအနားယူ ခဲ့ရသဖြင့် ပင်ပန်းသမျှ ပျောက်ကာခရီးဆက်ဖို့ကျမတို့တစ်ဖန်ပြင်ဆင်ခဲ့ရပြန်ပါပြီ။ဒီတစ်ခါတော့ ဖခင်၏ဇာတိ  ရွာကလေးဆီမမောမပန်းချီတက်ရပေအုံးမည်။ တော၊တောင်တွေပတ်လည်ဝိုင်းနေသည့်တောင်ကြားလမ်းကျဉ်းလေးအတိုင်းလျှောက်လာရင်း စမ်းချောင်းလေးများကို နေရာအနှံမြင်တွေ့ရတော့ မြေပြန့်မှာလို သွားလေရာရှေဗူးသယ်သွားရသည့် အဖြစ်မျိုးမကြုံရပေ။ရေဆာသည့်အခါ ၀ါးခြမ်းလေးများဖြင့်သွယ်ထားသည့်စမ်းရေသဘာဝရေခဲရေကိုအားပါးတရသောက်နိုင်သလို၊ခြေ၊လက်ဆေးလျှင်လည်းအဆင်ပြေနိုင်သည်မို့
လွန်စွာကျေနပ်စရာကောင်းလှပါသည်။တောင်တောင် ရဲ့ အငွေ့အသက်နှင့်ရင်းနှီးစပြုလာသူကျမအတွက် သားရဲတို့၏အော်မြည်သံများကို အရင်လောက်ကြောက်စိတ်မ၀င်မိတော့ပါ။

တစ်ခါတစ်ရံ အဝေးဆီမှ သေနတ်သံများကြားရသည့်အခါ ဖခင်ကိုမေးမိပါသည်။ ချင်းတိုင်းရင်းသားတို့၏ အမဲလိုက်နေသည့်သေနတ်သံဖြစ်ကြောင်းရှင်းပြသည့်အခါ၊ ၀န်ထမ်းတစ်ဦးဖြစ်သည့် ဖခင်သည်ရုံးပိတ်ရက်များတွင် ပဲခူးရိုးမသို့သွားကာ အမဲလည်နေတတ်သူဖြစ်ကြောင်းသတိရမိသည်။ဖခင် ယူဆောင်လာသည့် ကျီသား၊တောဝက်သား၊မျောက်ချေးခါးများကို အရာရှိများက လွန်စွာကြိုက်နှစ်သက်သဖြင့် ရံုံးပိတ်လျှင် လေသေနတ်တစ်လက်ဖြင့်အမဲလိုက်တတ်သောဖခင်သည်လည်းယခုလိုတောကြီးမြက်မည်းထဲတွင်မကြောက်မရွံ့ သွားလာနေသည်မှာ ချင်းလူမျိုးတို့၏ထုံးစံဖြစ်ကြောင်းသိခဲ့ရသည်။ရုံးပိတ်ရက် ဆိုလျှင် ချင်းကလေး အမဲမလည်ဘူးလားဟု မေးတတ်သောအထက်လူကြီးများစကားကိုငယ်ငယ်ကကြားဖူးသလို ဖခင်၏ ၀ါသနာကို ဖြည့်ဆည်းပေးကြသည့်သူတို့ကိုပဲကျေးဇူးတင်ရမလိုပေ။

သည်လိုနှင့်နားရင်းလျှောက်ရင်းတစ်ဖြည်းဖြည်းနီးလာပြီဟုပြောသောဖခင်စကားကို မယုံတစ်ဝက်ယုံတစ်ဝက်ဖြင့် ဆက်လျှောက်ရာ အလွန်မြင့်မားသော တောင်ထက်ဆီမှ မူန်ဝါးဝါးရွာလေးတစ်ရွာကိုမြင်ရ သဖြင့် ဖခင်က
ဝမ်းသာအားရအော်ရင်း“ သမီးရေ အဲဒါ အဖေတို့ရွာပေါ့” ဟုအားရပါးရပြောနေသောဖခင်စကားကို ပျော်ရမလို၊ငိုရမလိုဖြစ် ကျမ အဖြစ်ကိုသတိရမိသေးသည်။အဘယ်ကြောင့်ဆိုသော်၊ ရွာရောက်ခါနီးပြီဆိုသည်မှာ အင်မတန်မြင့်မားသော ခပ်ရေးရေးသာမြင်ရသောတောင်ထိပ်ဆီမှ ရွာဖြစ်သောကြောင့်ဆက်ရမည့်ခရီးသည် ဖခင်၏ အမျိုးများရှိရာ “လွီဗန်းရွာ”သို့ရောက်ခါနီးတောင်ခြေမှ
တောင်ပေါ်ရွာအထိ မှောင်ရီပျိုးစအချိန်မှ ၊ ညဆယ်နာရီခွဲအထိ လျှောက်ခဲ့ဘူးသောကြောင့် ယခုဆိုရင်ကျမမြင်ရယုံဖြင့်ထိုင်ကာသာငိုလိုက်ချင်အောင်ဖြစ်သွားမိပါသည်။

ဖခင်ဖြစ်သူသည် တာဝန်ထမ်းဆောင်နေရင်းမြေပြန့်သူမိခင်နှင့်ဖူးစာဆုံသောကြောင့်တိုင်းပြည်တာဝန်၊အိမ်ထောင်တာဝန်တို့ဖြင့် ဆွေမျိုးများနှင့်ကင်းကွာခဲ့သည်မှာနှစ်၊နှစ်ဆယ်နီးပါးကြာခဲ့ပြီဖြစ်သောဖခင်၏ လွမ်းဆွတ်တသနေပုံ၊ပျော်ရွှင်နေပုံတို့ကိုမြင်ရသောကြောင့်စိတ်မကောင်းဖြစ်မှာစိုးသဖြင့် ခရီးဆက်ရန်သဘောတူလိုက်သည်။ထိုခဏ၊ရွာမှ ခရီးသွားအမျိုးတစ်ဦးနှင့်ဆုံသဖြင့်၊ ဖခင်ကိုနူတ်ဆက်ရင်းချက်ခြင်းဆိုသလိုကျမတို့ကိုနားခိုင်းပြီး၊ နောက်ကြောင်းလှည့်ကာရွာသို့အကြောင်းကြားရန်ထွက်ခွာသွားပါသည်။ဖခင်က “အဖေ့သမီးလေးကိုသနားလာပြီ၊ ရွာကအမျိုးတွေကိုလာကြိုဖို့၊အဖေလွှတ်လိုက်တာ”ဟုပြောပါသည်။ထုံးစံအတိုင်းစကားများသော ကျမက “အဖေရယ်၊ကားလည်းမရှိ၊စက်ဘီးလည်းမရှိ၊ဒီလောက်လမ်းကျဉ်းကျဉ်းလေး၊လာကြိုရင်လည်း၊လမ်းလျှောက်ရမှာပဲကို၊ ဘာထူးမှာလဲ”ဟုပြောသောကျမစကားကိုဖခင်ကရယ်ရင်း“သမီးကလည်း၊လာရင်သိမှာပေါ့လို့”ပြောပါသည်။

သိပ်ကြာကြာမစောင့်လိုက်ရပါလူတစ်အုပ်ကြီးရောက်ချလာပါတော့သည်။ဝမ်းသာအားရဖက်ကြရင်းချင်းလိုပြောနေသောကြောင့်ကျမနားမလည်ပါ။
ထို့နောက်ပါလာသောစောင်ပုခက်ကိုဝါးလုံးလျှို   လျက်တစ်ယောက်တစ်ဖက်ထမ်းကာသယ်ရန်ကျမကို ခေါ်ပါတော့သည်။အသက်ငယ်သော်လည်း အရှက်ကြီးသောကျမကမစီးချင်သောကြောင့်ဖခင်ကိုလမ်းလျှောက်ရန်သာဇွတ်ပြောနေတော့သည်။ကျမတို့မြေပြန့်မှာဆိုလူနာတွေကိုသယ်သွားတာ
ပဲမြင်ဖူးနေကြမို့၊ကျမ ကိုဘယ်လိုပဲပြောပြော ခြေသာအညောင်းခံတော့မည်မစီးတော့ဟု၊သမီးအကြောင်း
ကောင်းကောင်းသိနေသောဖခင်က၊လမ်းဆက်လျှောက်ခိုင်းပါတော့သည်။ ကျမအတွက်စကားပြောစရာအဖော်မရှိတော့၊အမျိုးတွေနှင့်
လမ်းလျှောက်ရင်းအာပေါင်အာရင်းသန်သန်နှင့်၊ချင်းလိုပြောနေကြသောဖခင်နှင့်အမျိုးတစ်အုပ်ကြောင့်စိတ်ကောင်ရင်းခြေညောင်းမှန်းမသိအောင်
လျှောက်နေသောကျမ အဖြစ်ကိုယခုထိ သတိရနေသေးသည်။

တောင်ပေါ်သားတို့သွားနေကျအတိုင်းသွားပါကသိပ်မဝေးသော်လည်းကျမအတွက်ကြောင့်အားလုံးခြေဘရိတ်အုပ်ရင်းခပ်ဖြည်းဖြည်းသာ
သွားကြပါတော့သည်။ချင်းသမီးဖြစ်သောကျမအတွက်၊တစ်ခါမှမရောက်ဖူးသောဒေသကိုချင်းသွေးပါသောကြောင့်ယခုလိုခရီးဆက်နိုင်သည်ကို
အမျိုးများကချီးကျူးနေကြသည်။ဘယ်သူတွေဘာပြောပြော၊“ဒါမှအဖေ့သမီးကွ”ဟုမကြာခဏမြှောက်မြှောက်ပြောတတ်သောဖခင်စကားကြောင့်
ယခုလိုခရီးတွင်နေခြင်းဖြစ်မည်ဟုယခု  အချိန်ပြန်စဉ်းစားရင့်းပြုံးမိသေးသည်။ဟော…သိပ်မကြာခင် ဖခင် ၏ဇာတိချက်ကြွေမွေးရပ်မြေဖြစ်သည့် ချစ်သောဆွေမျိုးများရှိရာ ပမိုင်းရွာလေးသို့ရောက်ခဲ့ပါပြီ။အေးချမ်းမူ့၊ဆိတ်ငြိမ်မူ့၊သာယာမူ့တို့ဖြင့်တည်ဆောက်ထားသောကျမ၏ချစ်ဖခင် မြတ်နိုးတန်ဖိုးထားရာချစ်စရာ့ရွာလေးကိုကျမရောက်ဖူးခဲ့ပါပြီ။ကျမ၏အဖွား၊ဖခင်၏မွေးမိခင်ကြီးမှာအိန္နိယရှိဦးကြီးနှင့်၊အဒေါ်များထံတွင်သွားရောက်
နေထိုင်ကြောင်းသိရသဖြင့်အဖွားကိုတွေ့ချင်သောကျမနှင့်မိခင်ကြီးကိုလွမ်းနေသောအဖေနှင့်ကျမစိတ်မကောင်းဖြစ်ရပါသည်။

ရွာရှိဖခင်၏အဒေါ်များတစ်ယောက်ပြီးတစ်ယောက်ရောက်လာရင်းသူတို့၏တူကိုချင်းဘာသာဖြင့်ပြောရင်းငိုရင်းဖက်ကြပါတော့သည်။ကျမ ကိုတော့အဖွားလေးများကလာနမ်းကြသည်။တူကိုချစ်သောအဒေါ်များကိုကြည့်ရင်းခလေးပီပီမေးခွန်းထုတ်လိုက်သေးသည်။“အဖေ၊သမီးတို့
လာတာပျော်ရမှာဘာလို့ငိုနေတာလဲလို့မေးတော့၊သမီးရယ်အဖေ့ကိုသေသလားရှင်သလားတောင်မသိအောင်အဆက်သွယ်ပြတ်နေတာရယ်၊
သူတို့သေတောင်မတွေ့ရတော့ဘူးလို့ထင်နေတာအခုလိုတွေ့ရလို့ဝမ်းသာပြီးငိုတာပေါ့လို့”ရှင်းပြပါသည်။ဘာမှနားမလည်သော ကျမအတွက် ပင်ပန်းတာမေ့ပြီး၊ဗိုက်က ဆန္ဒပြသောကြောင့် ဖခင် ကိုအချက်ပြ လိုက်သောအခါ အဖေ့ ညီမ က ကျမအတွက်စားစရာပြင်ဆင်ပါတော့သည်။ခဏအကြာ ပန်းကန်တစ်ခုထဲတွင် ထမင်းများကိုဆန်ပြုတ် ပြုတ်သလို ချက်ထားသည့်ဆန်ပြုတ်ပန်းကန်ကိုတွေ့သောအခါ နေထိုင်မကောင်းသည့်အချိန်မှာပင် မစားချင်သောဆန်ပြုတ်ကိုယခုလှိုဗိုက်အလွန်ဆာနေသောအချိန်တွင်ကျွေးသောကြောင့် ထိုပန်းကန်ကိုကြည့်ရင်း ထိုင်ငိုနေသောကျမအဖြစ်ကို အမျိုးတစ်အုပ်က ၀ိုင်းရယ်နေသောအဖြစ်ကိုယခု အချိန်ထိမှတ်မိနေပါသေးသည်။

ဘူးဆိုရင်ဖရုံ မသီးသောကျမ အဖြစ်ကိုသိနေသောဖခင်က ချင်းလို သူ့ညီမကိုပြောလိုက်သဖြင့် တောင်ပေါ် ဒေသ အလွန်ခေါင်သောနေရာဖြစ်ပေမယ့် ကော်ဖီပူပူလေးတစ်ခွက်နှင့်ပြောင်းဖူးကြော်တစ်ခွက်၊ မကြာခင်ရောက်လာသည့်အတွက် ဆန်ပြုတ်မကြိုက်သော ချင်းမကလေးမှာ ပြောင်းဖူးကိုဖြင့်အင်မတန်နှစ်သက်သည့်အတွက်အားရပါးရစားလိုက်ပါတော့သည်။ှဝမ်းဗိုက်ကိစ္စအဆင်ပြေ ပြီးနောက်ရေသောက်ချင်သောကြောင့်
ရေအိုးစင်၊ ရှာမတွေ့သောကြောင့်ဖခင်ကိုမေးရာ အမျိုးတစ်ယောက်က ရေစင်ရှိရာခေါ်သွားပြီး ၀ါးဘူးများကိုလက်ညိုးထိုးပြသောကြောင့် ဘာမျှမမေးပဲ
ဝါးဘူးကို ကိုင်မြှောက်လိုက်သောအခါ ပေါ့ပါးသောကြောင့် ရေနည်းနည်းရှိမည်အထင်ဖြင့် ပါးစပ်တေ့လျက် မော့ချလိုက်ရာ ရေများတလဟော ကျလာသဖြင့် ကျမတစ်ကိုယ်လုံးဆိုရွှဲသွားသောကြောင့် ငိုအားထက်ရယ်အားသန်ဆိုသလို ကိုယ့်အဖြစ်ကို ကိုယ့်ဖာသာတွေးရင်းရယ်နေမိတော့သည်။

အိန္ဒိယနှင့်နီးသဖြင့် တောရွာပင်ဖြင့်လင့်ကစား အတော်သင့်ခေတ်မီသော အိမ်သုံးပစ္စည်းများကိုတွေ့ရသည်။အိမ်တိုင်းလိုလို စပါးကျီ ကိုယ်စီနှင့်။ဖခင်ပြောနေကျ ငါပင်စင်ယူရင် ချင်းပြည်ပြန်နေမယ်၊ဟိုမှာဆိုရင်နေရေး၊စားရေးဘာမှမပူရဘူးဟု ပြောနေကျစကားကိုယခုမျက်မြင်ကိုယ်တွေ့မြင်ခဲ့ရသည်။ကော်ဖီစိုက်ခင်းများ၊ ပြောင်းစိုက်ခင်းများဖြင့်စပါးပင်များကို လည်းလှေကားထစ်စနစ်ဖြင့်စိုက်ပျိုးထားသည်ကိုကျမအတွက်တော့အထူးအဆန်းပင်ဖြစ်နေပါသည်။ အိမ်တိုင်းတွင် ရိုးရာဓလေ့ဖြစ်သည့် ယက်ကန်း ယက်နေသည်ကိုလည်းတွေ့ရသည်။ချင်းစောင်များကို လှပစွာအရောင်သွေးစုံလင်စွာဖြင့် စိတ်ရှည်စွာယက်လုပ်နေသော ချင်းတိုင်းရင်းသူများ၏လက်ဆင့်ကမ်းဓလေ့၊ရိုးရာလုပ်ငန်းပင်ဖြစ်ပါသည်။အဖြူရောင်ပေါ်တွင်အနက်စင်းရှိသောစောင်မှာကျမတို့မဒမ်လူမျိုးတို့၏ရိုးရာချင်း
စောင်ဖြစ်ကြောင်းဖခင်မှ ရှင်းပြပါသည်။မိမိသေဆုံးသည့်အခါထိုစောင်ဖြင့် ခြုံရသည်ဟုပြောပါသည်။ ချင်းမြေ သို့ခြေချမိသည်နှင့် ကျမအတွက်အရာရာတိုင်း
ဟာ အသစ်အဆန်းပင်ဖြစ်နေပါတော့သည်။

 ရွာလည်တွင် ရှိသော တောင်ကုန်းမြင့်မြင့်ပေါ်တွင် ကျမတို့ဘာသာအရ ဘုရားရှိခိုးကျောင်းကိုတည်ဆောက်ထားသည်မှာလည်း တင့်တယ်လှပါသည်။ဘုရားကျောင်းနောက်ဖက်ခပ်လှမ်းလှမ်းတွင် ဖခင်၏ ဦးလေး၊ကျမ ၏အဖိုးလေးမှာထိုရွာ၏ အသင်းအုပ်ဆရာဖြစ်သလိုတစ်ရွာ လုံးက ချစ်ကြောက်ရိုသေကြပါသည်။ အဖွား၏ မောင်နှမများကို တွေ့ရသော်လည်းကျမ ၏အဖွားကိုတော့မတွေ့ခဲ့ရပါ။ အဖွား၏ ညီမ၊ ကျမ၏အဖွားလေးမှာ မွေးရာပါမျက်မမြင်ဖြစ်သော်လည်း တစ်ဦးတည်း အိမ်တစ်လုံးဖြင့် ကိုယ့်ဟာကိုယ်နေသည်ကိုအံ့သြစွာတွေ့ရပါသည်။ဖခင်ကိုလွန်စွာချစ်သောကြောင့် ကျမ ကိုလည်း မမြင်ရသည့်တိုင်လက်ဖြင့်မျက်နှာကိုလိုက်စမ်းက ဖခင်ကိုချင်းလိုမေးနေပါသည်။ပြောင်းဖူးများကိုမီးထဲတွင်ထည့်ကာ ပြောင်းဖူးပေါက်ပေါက်များကိုတစ်ခု ချင်းစီမီးဖုတ်ကာကျွေးပါတော့သည်။ပါးစပ်ထဲတွင်လည်းဆေးတံတစ်ချောင်းအမြဲငုံလျက်ချင်းလိုပြောရင်းငိုနေသော
ကျမအဖွားလေးကိုယခုတိုင်သတိရနေပါတော့သည်။