Wednesday, October 8, 2014

ပန်းပျိုးလက်





  ၀ လုံးလေးတွေ ၀ိုင်းစက်အောင်ရေးဖို့ လက်ကိုင်ရင်း သင်ပေးရတဲ့ ဆရာဘ၀၊
တပည့် ပိစိကွေးလေးတွေ ကြည့်ရင်း မောသမျှ ၊ ပန်းသမျှ စိတ်ထဲမှာ လွင့်ပျောက်၊
ဆရာဆိုတာ နာ သုံးနာနဲ့ပြည့်စုံရမယ် ဆိုတဲ့အတိုင်း၊ သွန်သင်ဆုံးမ မှု လွဲချော်သွားရင်
အင်မတန်မှ အကျိုးယုတ်စေနိုင်တယ်ဆိုတဲ့ အသိတစ်ခု ရင်မှာအမြဲ သိမ်းဆည်းရင်း...


  ကောင်းကင်နဲ့ငရဲကို ပါးပါးလေး ခြေချ ထားသလို၊မှားယွင်းတဲ့သွန်သင်မှု တစ်ခုအတွက်
ခလေးတွေရဲ့ဘ၀ ၊ ခလေးလေးတွေရဲ့ အနာဂါတ်ကို ဖျက်ဆီးလိုက်သလို၊ အညွှန့်တစ်လူ
လူနဲ့ဘ၀လေးတွေကို ချိုးဖြတ် လိုက်သလို ဖြစ်စေနိုင်ပါတယ်၊


လိုရာပုံသွင်းနိုင်တဲ့ ရွံ့ဆေး မြေ တွေလို၊ ကျောက်ရိုင်းတုံး လေး တွေလိုသူတို့လေးတွေရဲ့
နုနယ်ငယ်ရွယ်တဲ့အသိလေးတွေ ကို ကောင်းတဲ့အသိအမြင်တွေ တတ်သိမြင်နိုင်ဖို့
လိုသလောက်လေး ၊ သင့်သလောက်လေး မျှ ထည့်လို့ ချော့ကာတစ်မျိုး ၊ ခြောက်ကာ
တစ်လှည့် ဆုံးမ သွန်သင်ပျိုးထောင်ရင်း ကျောက်တုံးလေးတွေ အရောင်တောက်လာရင်၊
အရည်သွေးမှီလာတယ်ဆိုရင်ပဲ အတိုင်းမသိတဲ့ပီတိတွေဝေရတာလည်းဆရာသမားတိုင်း
ရဲ့ စေတနာ....


ဒီလိုရေး ၊ ဒီလိုကိုင် ဒီလို လုပ် ဆိုပြီး လက်ဖ၀ါး နုနု လေးတွေကို ဆရာ့ရဲ့ အကြင်နာလက်
အုပ်မိုးရင်း မညီညာတဲ့ ၀... ခြမ်း လေးတွေကို လုံးဝန်းဝိုင်းစက်အောင် တစ်လုံးခြင်းစီချယ်လို့
ဝိုင်းစက်ခါမှ ကျေနပ်မိရင်း တစ်ဆင့်လှမ်းတက် ၊ က ကြီးတတ်အောင်သင်ရတာလည်း
ဆရာတစ်ယောက်ရဲ့ ၀ါသနာ...


သိသလောက်၊တတ်သလောက် မျှ ဝေဆောင်ရင်း ၊ သိချင်စိတ် ၊တတ်ချင်စိတ် ၊စူးစမ်းချင်
စိတ်တွေနဲ့ ပြည့်လျှံ နေတဲ့ တပည့် လေးတွေ ရဲ့ မွတ်သိပ်မှု မှန်သမျှ ကို စိတ်ရှည်သီးခံ
ရင်း ရှင်းပြ ပြောဆိုရတဲ့ ဆရာတိုင်းရဲ့ ၀တ္တရား၊ အတွေးသေးသေးလေးတွေ ၊ ဖြူ စင်
တဲ့ အမြင်လေးတွေ ကို နားလည်ခံစားရင်း အတွေးအမြင်ဖလှယ်ရတဲ့အခါ ၊ ဆရာဆိုတာ
မိတ်ဆွေ ရင်းပမာ ဖြစ်သွားခဲ့ပုံတွေ၊ '' ဆရာ ကောင်းတပည့် ပန်းကောင်းပန်''ဆို သလို
မွန်မြတ်တဲ့သူတော်ကောင်းဆရာ တွေနဲ့ကြုံ တွေ့ရတဲ့တပည့်တွေရဲ့ဘ၀ဟာလည်း
သင်းပျံ့ မွှေးကြိုင်တဲ့ ဂုဏ်သတင်းနဲ့ အနာဂါတ်မှာ မွှေးပျံ့ ကြိုင်လှိုင်နေမှာ သေခြာပါတယ်...


ပန်းပင်လေးတွေကိုဂရုတစ်စိုက်ပြုစုပျိုးထောင်ရင်း၊ မြေသြဇာမှန်ဖို့
၊ပေါင်းမြက်တွေဖယ်ထုတ်ရှင်းလင်းကာ၊ ရေလေသဘာဝမျှတအောင်၊
  ဆောင်ရွက် ကြိုးပမ်းရင်း ငုံ လာကာစ ၊
ပန်းဖူးလေးတွေ ကို တယုတယ ကိုင်တွယ်၊ ဖူး ရာ မှ ပွင့် အနံ့အသက်
စုံလင်မှ ကျေနပ်ပီတိဖြစ်ရတဲ့ ဥယဉ်မှူး ကောင်းတစ်ယောက်ရဲ့ဘ၀ ၊


အတွေးအသိ ၊ ချိန်ခွင်ညှိလို့ မျှ တ တွေးခေါ်တတ်ဖို့ မှန်ကန်ခြင်းလမ်းမှာ
မတိမ်းစောင်းအောင် တည်တံ့မှန်ကန်စွာ စံပြ ဖြစ်အောင်နေရတာလည်း
ဆရာကောင်းတို့ရဲ့ တာဝန် ...
တပည့်တွေ ဘ၀ မြင့်မားတိုးတက်သမျှတစ်စိမ့်စိမ့်ခံစားရင်း ပီတိ တွေနဲ့
ဝမ်းဖြည့် နေရတဲ့ ဆရာကောင်းတွေရဲ့ဘ၀ ဟာ တစ်ကယ်တော့...တပည့်တွေ လွန်ပေါများပေမယ့်တစ်ပြားမရှိ တဲ့ စေတနာ သူဋ္ဌေး လောင်းတွေ ပါပဲလေ....။


ဆရာများနေ့ကို ဂုဏ်ပြုလျက်

No comments: