Sunday, November 30, 2014

ဖေဖေ မသိသော အပြုံး


 
 ဒီတစ်ခါ အိမ်ပြန်လမ်းမှာ
ခံစားမှု အတိမ်အနက်ကို
ချိန်စက်ကြည့်နေတဲ့
အဖေ့ရဲ့ မျက်ဝန်းတစ်စုံ
မပြောပဲသိတဲ့
အမူယာတစ်ချို့ 
ဟန်မဆောင်တတ်သူရဲ့အပြုံး
အဖေ့သမီး ရဲ့ စကားတွေ
မပြောပဲဖတ်တတ်တဲ့ ဖေဖေ
နာကျင်နေမှန်းသိနေလွန်းတဲ့ သူ
ဘယ်လို ပုံစံ
ဘယ်လို အနေထား
သမီး လေးကို
မျက်ဝန်းစကားကနေ
ပုံမဖော်ပေးပါနဲ့လား ဖေဖေ
အချစ်ဆိုတာ
ဟာမိုနီမဖြစ်တဲ့သံဇဉ်တစ်ပုဒ်လို
ကြိုးစားချိန်ညှိခွင့် မရှိနိုင်တော့ဘူးဆိုတာ
ဟန်ဆောင်မှု မျက်ဝန်းအောက်က
  နှလုံးသားတစ်စုံကို
  ဖေဖေ ကြို မြင်နေတာလား
  ပေါ်လွင်နေတဲ့ ခံနိုင်ရည်မဲ့ခြင်းတွေထဲမှာ

 သမီးကို
ဒီတိုင်းလေးပဲ
မမြင်ယောင်ဆောင်ပေးပါ ဖေဖေ
  နှစ်သိမ့်ခွင့်တစ်စုံတစ်ရာမလိုပဲ
အဖေ့သမီး
  နေတတ်ခဲ့ပါပြီ
  ဖေဖေ့အဝေးမှာ
  နှလုံးသားဒဏ်ရာတွေ နဲ့
အချစ်ကံမလှတဲ့
သမီးရဲ့ အဖြစ်ကို
  ဖေဖေယူကြုံးမရ ပေမယ့်
သမီး အခု
  ပြုံးထားနိုင်ပါပြီ ဖေဖေ
အဖေ့သမီး
  ပြုံးတတ်နေပါပြီ....။

No comments: